ရခိုင်ကမ်းလွန်ဒေသ၊ လုပ်ကွက် အေ-၁ နှင့် အေ-၃ တွင် အကောင်အထည်ဖော် လျက်ရှိသော ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းမှ ထွက်ရှိလာသော သဘာဝဓာတ်ငွေ့များကို ရခိုင်ပြည်နယ်ရှိ ပြည်သူများအတွက် သုံးစွဲနိုင်တော့မည်ဖြစ်ကြောင်း သိရှိရသည်။ စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းသည် ကိုရီးယားနိုင်ငံ Daewoo International Corporation ဦးဆောင်သည့် အစုရှယ်ယာဝင်များနှင့် ထုတ်လုပ်မှုအပေါ်ခွဲဝေခံစားရေးအခြေခံဖြင့် စာချုပ်ချုပ်ဆိုကာ ရခိုင်ကမ်းလွန်လုပ်ကွက် အေ-၁ နှင့် အေ-၃ တို့၌ ရေနံနှင့်သဘာဝဓာတ်ငွေ့များရှာဖွေခဲ့ရာ စီးပွားဖြစ်သဘာဝ ဓာတ်ငွေ့သိုက်ကိုတွေ့ရှိခဲ့သည်။ ယင်းသို့တွေ့ရှိထားသည့် သဘာဝဓာတ်ငွေ့များအား မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းဖြင့် ရခိုင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် မြောက်ပိုင်းတို့ကို ဖြတ်သန်းသွယ်တန်းကာ မြန်မာ-တရုတ်နယ်စပ် မူဆယ်မှတဆင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ သဘာဝဓာတ်ငွေ့များရောင်းချရန် ပြည်ပပို့သဘာဝဓာတ်ငွေ့ အရောင်းအဝယ်စာချုပ်ကို ချုပ်ဆိုခဲ့ပါသည်။ ထိုသို့ထွက်ရှိလာမည့် သဘာဝဓာတ်ငွေ့များအနက်မှ ထုတ်လုပ်မှုအပေါ်ခွဲဝေခံစားရေး စာချုပ်ပါ ပြဋ္ဌာန်းချက်နှင့်အညီ ပြည်တွင်းသုံးစွဲရေးအတွက် ရယူသုံးစွဲခွင့်ရှိရာ၊ ကနဦး ဆွေးနွေးညှိနှိုင်းမှုများအရ မြန်မာနိုင်ငံ၏စက်ရုံ၊ အလုပ်ရုံများတည်ရှိရာ မြန်မာပြည် အလယ်ပိုင်းဒေသရှိ မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းနှင့် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ဘဲလင်းတို့၌ သဘာဝဓာတ်ငွေ့ထုတ်ယူနိုင်မည့် လိုင်းခွဲများဖြင့် ထုတ်ယူ သုံးစွဲသွားရန်ရည်ရွယ်၍ စာချုပ်၌ ထည့်သွင်းချုပ်ဆိုခဲ့သည်။ နိုင်ငံတော်အစိုးရအနေဖြင့် ရခိုင်ဒေသပြည်သူတို့၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဆင်းရဲနွမ်းပါးမှုလျော့ချရေး အစီအစဉ်နှင့်အညီ ရခိုင်ဒေသပြည်သူများမှ ရွှေသဘာဝ ဓာတ်ငွေ့သုံးစွဲနိုင်ရေးအတွက် စာချုပ်ဝင်များအတွင်း ညှိနှိုင်းစီစဉ်ဆောင်ရွက်ခဲ့ရာ သဘောတူညီမှုအချို့ရရှိပြီးဖြစ်သည်။ ထို့ကြောင့် ရွှေသဘာဝဓာတ်ငွေ့အချို့အား ရခိုင်ပြည်နယ်၊ ကျောက်ဖြူဒေသအနီးတွင် ရယူသုံးစွဲခွင့်ရရှိပြီးဖြစ်သဖြင့်ရခိုင်ပြည်နယ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ရွှေသဘာဝဓာတ်ငွေ့ကို အကျိုးရှိစွာ သုံးစွဲနိုင်တော့မည်ဖြစ်သည်။ု၍ ကျယ်ကျယ်ပြန့်ပြန့် ပြဌာန်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။
ရန်ကုန်မြို့နှင့်အနီးဆုံးကမ်းလွန်လုပ်ကွက်ဖြစ်သည့် မုတ္တမကမ်းလွန်ဒေသလုပ်ကွက်အမှတ် M-3 တွင် စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် ထိုင်းနိုင်ငံ PTTEPI ကုမ္ပဏီတို့ပူးပေါင်း၍ ရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေရေးလုပ်ငန်းကို ၂၀၁၁ ခုနှစ် မတ်လ ၂၆ ရက်နေ့တွင် စတင်ခဲ့ပြီး ၂၀၁၁ ခုနှစ် မေလ ၉ ရက်နေ့တွင် သဘာဝဓာတ်ငွေ့ မီးရှို့စမ်းသပ်မှုပြုလုပ်ခဲ့ရာ အောင်မြင်စွာမီးရှို့စမ်းသပ်နိုင်ခဲ့ပါသည်။ လုပ်ကွက်အမှတ် M-3 ၌ ရေနံနှင့်သဘာဝဓာတ်ငွေ့ခိုအောင်းနေသောပမာဏကို သိရှိနိုင်ရန်အတွက် သုံးဘက်မြင် ဆိုက်စမစ်တိုင်းတာရေး၊ ရှာဖွေရေးတွင်းနှင့် အကဲဖြတ်တွင်းများ ဆက်လက်တူးဖော်ရေးကို ဆောင်ရွက်လျက် ရှိပါသည်။ အဆိုပါလုပ်ကွက်အမှတ် M-3 မှထွက်ရှိလာမည့် ရေနံနှင့်သဘာဝဓာတ်ငွေ့အားလုံးကို ပြည်ပသို့ (လုံးဝ)ရောင်းချခြင်းမပြုဘဲ ပြည်တွင်း၌လိုအပ်လျက်ရှိသော စွမ်းအင်ကဏ္ဍများတွင်သာ အသုံးပြုသွားမည် ဖြစ်ကြောင်းသိရှိရပါသည်။
Ministry of Energy Building No.6, Nay Pyi Taw, Union Of Myanmar, Fascimile : 95-67-411 113, E-mail : myanmoe@mptmail.net.mm, Website : http://www.engery.gov.mm Copyright © 2001 Ministry of Energy. All rights reserved. Powered by Ministry of Energy.